ပဋိစ္စသမုပ္ပါဒ် ဟူသည် ......
(တိပိဋကပါဠိမြန်မာ အဘိဓါန် အတွဲ၁၄
ပ-၀ဂ် အဖွင့်)
ဝိဘဇ္ဇ ဝါဒီ ၊ May 11 at 1:34pm မှကူးယူတင်ပြပူဇော်သည် ။
ပဋိစ္စသမုပ္ပါဒ် (ပု) [ပဋိစ္စ+သမုပ္ပါဒ (သံ+ဥ+ပဒ+ဏ) သာမဂ္ဂိအင်္ဂါနံ အညမညေန
ပဋိမုခံ ဣတော ဂတောတိ ကတွာ ပဋိစ္စောတိ ၀ုစ္စတိ။ သွာယံ သဟိတေယေ၀ အညမညံ အ၀ိနိဗ္ဘောဂ၀ုတ္တိဓမ္မေ
ဥပ္ပါဒေတီတိ သမုပ္ပါဒေါတိပိ ၀ုတ္တော။ ဧ၀မ္ပိ ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ။
ဝိသုဒ္ဓိ၊၂။၁၅၂။ ပဋိစ္စ သမုပ္ပဇ္ဇတိ ဖလံ ဧတသ္မာတိ ပဋိစ္စသမုပ္ပါဒေါ။ ပဒဒွယေနပိ ဓမ္မာနံ ပစ္စယဋ္ဌော
ဧ၀ ၀ိဘာဝိတော။ ပ၊ဋီ၊၂။၁၃၁။ သံ၊ဋီ၊၁။၂၃၀။ ပဋိစ္စ သမုပ္ပဇ္ဇတိ သင်္ခါရာဒိကံ ဧတသွာတိ ဟိ ပဋိစ္စသမုပ္ပါဒေါ၊
ပစ္စေကံ အ၀ိဇ္ဇာဒိကော ပစ္စယဓမ္မော။ အနုဋီ၊၃။၃။]
အကြောင်း၊
အကြောင်းတရား၊ ပဋိစ္စသမုပ္ပါဒ်တရား။
(1) ပဋိစ္စသမုပ္ပါဒ်
ပဋိစ္စသမုပ္ပါဒ်ဟူသော
ပုဒ်၌ (၁) အကျိုးကို မုချအားဖြင့်ဟော၍ အကြောင်းကို ဖလူပစာရအားဖြင့် ယူသောနည်း၊ (၂)
အကြောင်းကိုပင် မုချအားဖြင့် ဟောသောနည်းဟူ၍နည်းနှစ်မျိုးရှိသည်။ ထိုတွင် (၁) အကျိုးကို
မုချအားဖြင့် ဟောရာ၌ ပဋိစ္စသဒ္ဒါသည် ‘ယုံကြည်အပ်’ ဟူသော အနက်ကို ဟော၍ သမုပ္ပါဒသဒ္ဒါသည် ‘တပေါင်းတည်းဖြစ်တ် မဖောက်မပြန်ဖြစ်တတ်’ ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ‘ယုံကြည်အပ်
ယုံကြည်ထိုက်သည်ဖြစ်၍ တပေါင်းတည်းဖြစ်တတ် မဖောက်မပြန် အမှန်အတိုင်းဖြစ်တတ်သော တရား’ ဟု အဓိပ္ပာယ်ရသည်။ တနည်း- ပဋိစ္စသဒ္ဒါသည်
‘စွဲမှီ၍’ ဟူသော အနက် ကို ဟော၍
သမုပ္ပါဒသဒ္ဒါသည် ရှေးနည်းတူပင်ဟောသောကြောင့် ‘အကြောင်းညီညွတ်ခြင်းကို စွဲ၍ အတူတကွ ဖြစ်တတ်,
မဖောက်မပြန် အမှန်အတိုင်း ဖြစ်တတ်သော တရား’ ဟု အဓိပ္ပာယ်ရသည်။
(၂) အကြောင်းကို
မုချအားဖြင့် ဟောရာ၌ ပဋိစ္စသဒ္ဒါသည် ‘စွဲ၍ဖြစ်တတ်’ ဟူသော အနက်ကို ဟော၍ သမုပ္ပါဒသဒ္ဒါသည် ‘ဖြစ်စေတတ်ဟူသော’ အနက်ကိုဟောသည်။ ထို့ကြောင့် ‘အကြောင်းတရားအချင်းချင်း
ရှေးရှုဖြစ်၍ အကျိုးတရားတို့ကို ဖြစ်စေတတ်သော တရား’ ဟု အဓိပ္ပာယ်ရသည်။ တနည်း- ပဋိစ္စသဒ္ဒါသည် ‘အညီအညွတ် မရှေးမနှောင်း ဖြစ်စေတတ်’ ဟူသောအနက်ကိုဟောသည်။ ထို့ကြောင့် ‘အကြောင်းတရားတို့
တပါးသည် တပါးကို စွဲ၍ အညီအညွတ်, မရှေးမနှောင်း ဖြစ်စေတတ်သော တရား’ ဟု အဓိပ္ပာယ်ရသည်။ (၀ိသုဒ္ဓိ၊၂။၁၅၁-၂)
ကေစိဆရာတို့ကမု
‘ပဋိစ္စသမုပ္ပါဒ်’ ဟူသည် ‘ထိုထိုအကြောင်းကို
စွဲမှီ၍ မဖောက်မပြန် အမှန်အတိုင်းဖြစ်ခြင်း သဘောမျှသာ ဖြစ်သည်’ {ပဋိစ္စ (စွဲမှီ၍၊ တစ်ခုခုအပေါ်မှီခို၍၊ အကြောင်းခံ၍)
သံ (ကောင်းစွာ) ဥပ္ပါဒ (ဖြစ်ပေါ်ခြင်း)} ဟု ဖွင့်ဆိုကြသည်၊ ယင်းတို့၏ ဖွင့်ဆိုချက်သည်
ထိုသို့သော အနက်အဓိပ္ပာယ်ကို ပြီးစေတတ်သည့် သာဓကပါဠိ မရှိသောကြောင့်လည်းကောင်း, ပဒေသ၀ိဟာရသုတ်
(သံ၊၃။၁၁), ကစ္စာနဂေါတ္တသုတ် (သံ၊၁။၂၅၇) တို့နှင့် ဆန့်ကျင်သောကြောင့်လည်းကောင်း, နက်နဲခြင်းလေးရပ်
(ဂမ္ဘီရစတုက္က) နှင့် နည်းမြတ်လေးသွယ် (နယစတုက္က)၏ မဖြစ်သင့်ခြင်းကြောင့် လည်းကောင်း,
ပဋိစ္စနှင့် သမုပ္ပါဒ သဒ္ဒါတို့ သမာနကတ္တုက မဖြစ်ဘဲ သဒ္ဒါနည်းပျက်ခြင်းကြောင့် လည်းကောင်း
မသင့်မြတ်ပေ (၀ိသုဒ္ဓိ၊၂။၁၅၀)
…… (သို့ရာတွင် ကေစိဆရာတို့
အယူအဆသည် လုံးလုံးကြီးမှားသည်မဟုတ်ပေ။ သဒ္ဒါအားဖြင့်ခွဲခြမ်းစိတ်ဖြာနည်းတစ်နည်း အရ မှန်နေပေသည်။
သို့ရာတွင် ‘သဘောမျှသာဖြစ်သည်’ ဆိုသည့် အချက်ကို ကေစိဆရာတို့
လက်ကိုင်ထားသောကြောင့် မှားရခြင်းဖြစ်သည်။ အင်မတန်နက်နဲသော ပဋိစ္စသမုပ္ပါဒ်ကို သာမန်လူတို့အား
စတင်ရှင်းပြရာ၌မူ လွယ်ကူသော ထိုအဖွင့်ဖြင့်သာ ရှင်းပြလေ့ရှိသည်။ ပါမောက္ခချုပ် Dr. နန္ဒမာလာဘိဝံသ
သည်ပင် ပဋိစ္စ = Dependent အမှီပြုနေသော , သမုပ္ပါဒ= Origination (အကျိုးတရားကို ထောက်ပံ့မည့်)
အကြောင်းတရား ဟု ဖွင့်ဆိုရှင်းပြသွားလေသည်။) ……
(2) ပဋိစ္စသမုပ္ပါဒ်
လက္ခဏာ
ပဋိစ္စသမုပ္ပါဒ်သည်
အကြောင်းတရားသာ ဖြစ်ရကား ထိုထိုအကျိုး ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုခြင်း (ဖြစ်စေခြင်း)
ဟူသော မှတ်ကြောင်း ‘လက္ခဏာ’ ရှိသည်။ မပြတ်မစဲဖြစ်မှု
ပ၀တ္တိဒုက္ခသို့ အစဉ်လိုက်ခြင်း ဟူသော ‘ကိစ္စရသ’ ရှိသည်။ စက်ဆုပ်ဖွယ်ကောင်းသည့် သံသရာခရီးအဖြစ်ဖြင့် ဉာဏ်အားရှေးရှုထင်လာမှု
‘ပစ္စုပဋ္ဌာန်’ ရှိသည်။ ပဋိစ္စသမုပ္ပါဒ်သည်လည်း
အကြောင်းမကင်းသော ‘သပစ္စယ’ တရားဖြစ်၍ ဆိုင်ရာ ၀ိသေသအကြောင်း
ဟူသော ‘ပဒဋ္ဌာန်’ ရှိသည်။ (၀ိသုဒ္ဓိ၊၂။၁၄၉။
ပဋိသံ၊ဋ္ဌ၊၁။၂၂၆)
(3) ပဋိစ္စသမုပ္ပါဒ်တရားကိုယ်
ပဋိစ္စသမုပ္ပါဒ်၌
အ၀ိဇ္ဇာ, သင်္ခါရ, ၀ိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘ၀, ဇာတိ, ဇရာ
မရဏ ဟူ၍ ပဓါန အင်္ဂါ ၁၂-ပါးရှိသည်။ ပဋိစ္စသမုပ္ပါဒ်ပါဠိတော်လာ ရှိသမျှ အင်္ဂါကို အကုန်အစင်ရေတွက်လျှင်မူ
ပဋိစ္စသမုပ္ပါဒ်၌ အ၀ိဇ္ဇာ, သင်္ခါရ, ၀ိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်,
ဘ၀, ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဟူ၍ ၁၈-ပါးရှိလေသည်။ ထိုတွင်
သောက စသော ၅-ပါးသည် ဇာတိ၏ ဧကန်အကျိုးမဟုတ်ဘဲ အနေကန် အကျိုးဆက်မျှသာ ဖြစ်သည်။ ထို့ကြောင့်
ယင်းတို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါအဖြစ်မရေတွက်တော့ဘဲ ဇရာနှင့် မရဏကိုလည်းတပေါင်းတည်းပြု၍
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးဟု ဆိုသည် (အဘိ၊ဋ္ဌ၊၂။၁၃၀။ ၀ိသုဒ္ဓိ၊၂။၁၆၀-၁။ သင်္ဂဟ။၁၃၂)။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ
၁၂-ပါးတို့၏ တရားကိုယ် အရကောက်ရာ၌ သုတ္တန္တဘာဇနီယနည်း, အဘိဓမ္မာဘာဇနီယနည်း ဟူ၍ နည်း ၂-မျိုးရှိသည်။
ထိုတွင် သုတ္တန္တဘာဇနီယနည်းသည် အကြောင်းအကျိုး ဖြစ်သင့်ရုံမျှကောက်သော နည်းဖြစ်၍ အဘိဓမ္မာဘာဇနီယနည်းသည်
တရားကိုယ်ရသင့်သမျှ ကောက်သောနည်းဖြစ်သည်။