Friday, July 10, 2015

ဝါထပ်ရခြင်းအကြောင်း

Ashin Tikkhanyanalinkara > ဓမ္မသာကစ္ဆာ"" သံသရာခရီးအတွက် ဓမ္မတွေသီကျူး မေးမြန်း""
ဝါထပ်ရခြင်းအကြောင်းနှင့်
ဘုရားရှင်လက်ထက် အခါတွင် ဝါထပ်ခြင်း ရှိ, မရှိ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရှင်ကုသလ မေးလျှောက်လွှာ

“ဟောဒီစာက ကောလင်းမြို့နယ်၊ အရှင်ကုသလထံမှ မေးလျှောက်လွှာဖြစ်ပါတယ်၊ အရှင်ကုသလရဲ့ နေရပ်၊ ကျောင်းအမည်များ မပါ၊ သာသနာဝင် အမှတ် -၅/ ဝသန(သ) ၀၀၀၄၃၂-သာပါတယ်ဘုရား”


“ဝသန ဆိုတော့ ဝန်းသိုနယ် ဖြစ်ပါလိမ့်မယ်၊ကောလင်းနယ် မဟုတ်ပါဘူး”

“မှန်ပါ၊ မှတ်ပုံတင်ပြုလုပ်စဉ်က ဝန်းသိုနယ်ဖြစ်ပြီးယခု ကောလင်းနယ်မှာနေသူ ဖြစ်ပါလိမ့်မယ် ဘုရား”

“အရှင်ကုသလ ဘာတွေများ မေးထားသလဲကွယ့်”

“အရှင်ကုသလရဲ့အမေးက နှစ်ပုဒ်တည်းပါဘုရား၊

(၁) ပထမအမေးကတော့ - လေးလရက်စုံသတ်၊ နှစ်လရက်စုံသတ်ရယ်လို့ဝါထပ်တာကို ဘာကြောင့် ထပ်တယ်လို့ မသိပါဘူးတဲ့၊ ဘုရားရှင်လက်ထက်ကရော ဒီလို ဝါထပ်တာ ရှိပါသလားတဲ့ဘုရား။

(၂) ဒုတိယအမေးကတော့ -ယခု ဦးကုသလ သီတင်းသုံးရာ ကျေးရွာအတွင်းမှာဉာဏ်တော် ၉-တောင်ခန့်မျှ စေတီပျက် ၃-ဆူရှိပါသတဲ့၊ ၎င်း စေတီပျက်ကို တောဖုံးနေတဲ့အတွက်အချို့ သိနားလည်းမှု မရှိကြတဲ့ ရွာသူရွာသားတွေဟာ စေတီပျက်ကို အရိုအသေကင်းမဲ့ပြီး သွားလာနေထိုင် ကြပါသတဲ့၊ ထိုစေတီများဟာရှေးတည်စဉ် ကာလက ကြည်ညိုဖွယ် နေရာဌာန ဖြစ်မည် မှန်သော်လည်း ယခုတော့ဖြင့် တည်ရာဌာန မကောင်းဖြစ်နေပါသတဲ့၊ဒါကြောင့် ၎င်း စေတီပျက်ကို ရွှေ့ပြောင်း၍ ဘုန်းကြီးကျောင်း တည်ရာ ရွာဦးသို့ ပြောင်းရွှေ့သင့်, မသင့် လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား”

“အရှင်ကုသလရဲ့ အမေး (၁) ကို ဦးစွာဖြေကြစို့ရဲ့။

(၁) တစ်နှစ်ဆိုတဲ့အချိန်ကာလကို ဘာနှင့် သတ်မှတ်သလဲ၊အခု လူတိုင်းကတော့ လနှင့်သက်မှတ်ကြတယ်၊ တန်ခူးလကစပြီး တစ်လပြီးတစ်လ လွန်သွားရာ ၁၂-လပြည့်တဲ့တပေါင်းလကွယ်ဟာ တစ်နှစ်လို့ ယူဆကြတယ်၊ အဲဒီအယူအဆကို 'စန္ဒရမာသနည်း'လို့ ခေါ်တယ်။

စန္ဒရမာသနည်းဟာ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမယ့်မမှန်ဘူးကွယ့်၊ ဘာကြောင့် မမှန်တာလဲ ဆိုတာကို ပြောပြဦးမယ်၊ ကမ္ဘာပေါ်မှာ နေမင်းဟာ ပဓာနပဲ၊ဒီနေ့ နေထွက်က နောက်နေ့နေထွက်ကို တစ်ရက်လို့ ယူဆကြတယ်။

သို့သော်လည်း နေက ပဓာနမဟုတ်ဘူး၊ နက္ခတ်က ပဓာနဖြစ်တယ်၊ဘာကြောင့်လဲဆိုတော့ နေဆိုတာ တနင်္ဂနွေဂြိုလ်ပဲ၊ သူဟာ အသွားအလာမမှန်ဘူး၊ တစ်ခါတစ်ရံ မြန်တယ်၊တစ်ခါတစ်ရံ နှေးတယ်၊ အသွားအလာ မှန်ကန်တာက နေမဟုတ်ဘူး၊ နက္ခတ်ဖြစ်တယ်၊ ဒါကြောင့် နေက ပဓာန မဟုတ်ဘူး၊ နက္ခတ်ကပဓာနလို့ မှတ်သင့်တာပေါ့၊ နက္ခတ်နှင့်နေ ကောင်းကင်မှာ ယှဉ်ပြိုင်သွားကြတဲ့အခါ နက္ခတ်ကအသွားမြန်ပြီး နေက အသွားနှေးတယ်၊ နက္ခတ်က ဘယ်လောက်မြန်သလဲဆိုတော့ တစ်လ(ရက်ပေါင်း-၃၀)မှာနေကို ၉-ပါဒ် လွန်သွားတယ်။

ဒီနေရာမှာ ၉-ပါဒ်ဆိုတာ ဘာလဲလို့ သိချင်လိမ့်မယ်ထင်တယ်၊ပါဒ်အကြောင်း ပြောရလျှင်ဖြင့် အတော်ရှည်သွားမှာပဲ၊ ဒါပေမယ့် ပါဒ်အကြောင်း မပြောလျှင်လည်းအဓိပ္ပါယ်ပေါက်မှာ မဟုတ်လို့ ခပ်တိုတိုတော့ ပြောရဦးမှာပဲ။

မိုးပေါ်က နက္ခတ် ၂၇-လုံးရှိတယ်ဆိုတာတော့ကြားဖူးပါလိမ့်မယ်၊နက္ခတ် ၂၇-လုံး က (၁) အသဝနီ၊ (၂) ဘရဏီ၊ (၃) ကြတ္တိကာ၊ (၄) ရောဟဏီ၊ (၅) မိဂသီ၊ (၆) အဒြ၊(၇) ပုန္နဖုသျှု၊ (၈) ဖုသျှ၊ (၉) အသလိဿ၊ (၁၀) မာဃ၊ (၁၁) ပြုဗ္ဗဖလဂုနီ၊ (၁၂) ဥတ္တရဖလဂုနီ၊(၁၃) ဟဿတ၊ (၁၄) စိတြ၊ (၁၅) သွာတိ၊ (၁၆) ဝိသာခါ၊ (၁၇) အနုရာဓ၊ (၁၈) ဇေဋ္ဌ၊ (၁၉) မလူ၊(၂၀)ပြုဗ္ဗာသာဠ်၊ (၂၂) သရဝဏ်၊ (၂၃) ဓနသိဒ္ဓ၊ (၂၄) တသဘိသျှ၊ (၂၅) ပြုဗ္ဗဘဒြပိုဒ်၊ (၂၆)ဥတ္တရဘဒြပိုဒ်၊ (၂၇) ရေဝတီ၊ အားလုံး ၂၇-လုံးရှိတယ်၊ ဒီ နက္ခတ် ၂၇-လုံး ကုန်ဆုံးတဲ့နေ့ဟာတစ်နှစ်ပြည့်တဲ့နေ့ပဲ။

နက္ခတ် ၁၇-လုံးက ဘယ်လိုကုန်သွားတာလဲ ဆိုတာကိုပြောပြဦးမယ်၊ နက္ခတ်နှင့်နေ ယှဉ်ပြိုင်သွားကြတဲ့အခါ နက္ခတ်က မြန်တယ်၊ နေက နှေးတယ်၊ နက္ခတ်ကနေထက် ဘယ်လောက်မြန်သလဲ ဆိုတော့ နက္ခတ်အစ၊ အသဝနီက နေနှင့်အတူ ယှဉ်ပြိုင်ပြေးရာမှာ နေကတစ်စတစ်စ နောက်ကျပြီး နက္ခတ်က တစ်စတစ်စ ရှေ့တက်သွားလိုက်တာ နောက်ဆုံး နက္ခတ် ရေဝတီလည်းလွန်ရော တစ်နှစ်လည်း ပြည့်ရောပဲတဲ့ကွယ့်။

ဆိုလိုတာက နက္ခတ် ၂၇-လုံးဟာ တစ်နှစ်ပြည့်တဲ့အချိန်နေကို လွန်သွားတယ်လို့ ဆိုလိုတယ်၊ တစ်လကို နက္ခတ်က ဘယ်လောက်လွန်သလဲဆိုတာကိုတော့ တစ်နှစ်မှာ၁၂-လရှိပြီး နက္ခတ်က ၁၇-လုံးမို့ နက္ခတ်အတိအကျ တွက်လို့မရဘူး၊ ဒါကြောင့် နက္ခတ်တစ်လုံးကို၎-ပိုင်း ပိုင်းလိုက်တယ်၊ အဲဒီ ၄-ပိုင်းကို ၄-ပါဒ် လို့ခေါ်တယ်၊ နက္ခတ် ၂၇-လုံးကို ၄-ပါဒ်နှင့်မြှောက် နက္ခတ် ၂၇-လုံးမှာ ပါဒ် ၁၈၀-ရှိတယ်။

ပါဒ် ၁၈၀-ကို တည် ၁၂-လနှင့်စားလျှင် တစ်လတစ်လလျှင်နက္ခတ်က နေထက် ၉-ပါဒ် သာလွန်ကြောင်း သိရတယ်၊ ကိုးနဝင်းတို့ ၁၀၈-ပါဒ်တို့ဆိုတာ အဲဒီကလာတဲ့စကား ဖြစ်တယ်ကွယ့်၊ မကြားဘူးလို့ စကားထူး ဖြစ်နေတာပေါ့၊ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး၊တစ်လျှင် နေထက် နက္ခတ်က ၉-ပါဒ် သာလွန်ကြောင်း သိရပြီ၊ အဲဒီ ၉-ပါဒ်ကို သိလွယ်အောင် ရုပ်ပုံကလေးများနှင့်ပြတယ်။

- ပထမ ၉-ပါဒ်ကြယ်စုက ဆိတ်ရုပ်နှင့်တူလို့မိဿရာသီလို့ ခေါ်တယ်၊

- ဒုတိယ ၉-ပါဒ်ကြယ်စုက နွားရုပ်နှင့်တူလို့ပြိဿရာသီ၊

- တတိယ ၉-ပါဒ်ကြယ်စုက မိန်းမယောက်ျားပေါင်းဖော် ဟန်တူလို့ မေထုန်ရာသီ၊

- စတုတ္ထ ၉-ပါဒ်ကြယ်စုက ပုစွန်လုံးနှင့်တူလို့ကရကဋ်ရာသီ၊

- ပဉ္စမ ၉-ပါဒ်ကြယ်စုက ခြင်္သေ့နှင့်တူလို့သိဟ်ရာသီ၊

- ဆဋ္ဌမ ၉-ပါဒ်ကြယ်စုက အပျိုနှင့်တူလို့(ကညာ) ကန်ရာသီ၊

- သတ္တမ ၉-ပါဒ်ကြယ်စုက ချိန်ခွင်နှင့်တူလို့တူရာသီ၊

- အဋ္ဌမ ၉-ပါဒ်ကြယ်စုက ကင်းမြီးကောက်နှင့်တူလို့ ဗြိစ္ဆာရာသီ၊

- နဝမ ၉-ပါဒ်ကြယ်စုက လေးကိုင်မြင်းစီးရုပ်နှင့်တူလို့ ဓနုရာသီ၊

- ဒသမ ၉-ပါဒ်ကြယ်စုက မကာရ်းနှင့်တူလို့မကာရရာသီ၊

- ဧကာဒသမ ၉-ပါဒ်ကြယ်စုက အိုးနှင့်တူလို့(ကုမ္ဘ) ကုံရာသီ၊

- ဒွါဒသမ ၉-ပါဒ်ကြယ်စုက ငါးနှင့်တူလို့(မိန)မိန်ရာသီ လို့ အမည်ပေးထားကြတယ်။

၉-ပါဒ်တစ်စုလျှင် တစ်လမို့ ၁၂-လရာသီလည်းစေ့ရော တစ်နှစ်လည်း ကုန်ဆုံးတာပါပဲ၊ တစ်ရာသီလျှင် ရက်ပေါင်း ၃၀-နှင့်တွက်ခဲ့လျှင် ၁၂-လ၊၁၂-ရာသီမှာ ရက်ပေါင်း ၃၆၀-ပဲရှိတယ်၊ အမှန်တကယ်ကတော့ နက္ခတ် ၂၇-လုံးကုန်ဆုံးတာဟာ ရက်ပေါင်း၃၆၅-ရက် ၄-ပိုင်း ၁-ပိုင်း ရှိတယ်၊ ဒါကြောင့် ပြက္ခဒိန်မှာ ပြထားတဲ့ရက်ဟာ အပြည့်အဝ မဖြစ်ဘူး၊ဒါကြောင့် ၃-နှစ်လျှင်တစ်ကြိမ် ဝါထပ်ရတယ်၊ ဝါငယ် ကပ်ရုံနှင့် ရက် မကုန်ဘူး၊ အားလုံးနက္ခတ်နှင့် ရက်နှင့် ကိုက်သွားအောင် ဝါကြီး ၄-လ ရက်စုံသတ်ရတယ်၊ ဒီလောက်ဆိုလျှင် ဝါထပ်ရတဲ့အကြောင်းအကြမ်းနည်းတော့ သိသင့်ပါပြီ၊ သို့သော်လည်း အဖြေအနည်းငယ် ကျန်နေသေးတယ်ကွယ့်၊ မေးတဲ့ပုဂ္ဂိုလ်ကဒီလို ဝါထပ်တာဟာ ဘုရားရှင်လက်ထက်ကရော ရှိပါသလားတဲ့ ဟုတ်လားကွယ့်”

“မှန်ပါတယ်ဘုရား”

“ဝါထပ်တယ်ဆိုတာ ဗေဒင်ဆရာများ တွက်ချက်ပြီးပြောကြတာကိုး၊ သူလို ငါလို ဘာသိဘာသာ ပုဂ္ဂိုလ်တွေကတော့ ဝါထပ်လား မထပ်လား၊ အရေးထားကြမယ်မထင်ပါဘူး၊ ဒါကြောင့် မင်းရဲ့ ဗေဒင်ဆရာက တွက်ချက်ကြည့်ပြီး သည်နှစ် ဝါထပ်တယ်လို့ မင်းကိုလျှောက်တော့မင်းက ဝါထပ်ကြောင်း ကြေညာခဲ့လျှင် မင်းရဲ့ အလိုကိုလိုက်ပြီး ဒုတိယ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာဝါဆိုသင့်ကြောင်း (အနုဇာနာမိ ဘိက္ခဝေ ရာဇူနံ အနုဝသိတုံ) လို့ မဟာဝဂ်ပါဠိတော် ဝဿူပနာယိကက္ခန္ဓာကမှာပါတာကို ထောက်ပြီး ဘုရားရှင် လက်ထက်တော်ကလည်း ဝါထပ်မှုရှိကြောင်း ဖြေဆိုလိုက်ပါတယ်။
...
(ကပ္ပိယ မောင်ရဲ) ပိုစ့်မှ ကူးယူဖော်ပြပါသည်။
https://www.facebook.com/notes/553470188054404/

No comments:

Post a Comment