Thursday, March 26, 2015

ကေသမုတ္တိသုတ်












ကေသမုတ္တိသုတ်
------------------------------
ငါ ဒီလို ကြားခဲ့တယ် ။ တခါတော့ မြတ်စွာဘုရားဟာ ကောသလတိုင်းမှာ ရဟန်းအဖွဲ့ကြီးနဲ့အတူ
ခရီးလှည့်စဉ် ကေသမုတ္တိမည်တဲ့ မြို့ကလေးကိုရောက်လာတယ်။ ကေသမုတ္တိသား ကာလာမတွေ ကြားကြတယ် ။
            ” သကျမျိုးက ရဟန်းပြုခဲ့တဲ့ သကျသား ရဟန်းအရှင် ဂေါတမ ကေသမုတ္တိကို ရောက်လာပြီ တဲ့ ။ ဒီ အရှင်ဂေါတမ နဲ့ ပတ်သက်လို့ ဒီလို ကောင်းသတင်း ကျော်ကြားတယ် ၊ ဒီမြတ်စွာဘုရားဟာ ထိုက်တန်သူ၊ လုံးဝဉာဏ်အလင်းရသူ၊ အသိ - အကျင့် ပြည့်စုံသူ၊ အလာကောင်းသူ၊ လောကသိသူ၊ ပြိုင်စံကင်းတဲ့ ယဉ်ကျေးစေရမယ့်ယောက်ျားတို့ရဲ့ ရထားထိန်း၊ နတ်လူတို့ရဲ့ ဆရာ၊ ဗုဒ္ဓ၊ မြတ်စွာဘုရား ”တဲ့၊ ဒီလို ထိုက်တန်သူကို ဖူးမျှော်ရရင် ကောင်းမယ်” တဲ့ ။
  အဲဒီနောက် ကေသမုတ္တိသား ကာလာမတို့ဟာ မြတ်စွာဘုရားရှိရာ ချဉ်းကပ်လာကြတယ်။ ချဉ်းကပ်ပြီး တချို့က ဘုရားကိုရှိခိုးကာ အစွန်တစ်ခုမှာ ထိုင်ကြတယ် ။တချို့က ဘုရားနဲ့ နှုတ်ခွန်းဆက်၊ နှုတ်ဆက်ပြောစရာရှိတာ ပြောပြီး အစွန်တစ်ခုမှာ ထိုင်ကြတယ်၊ တချို့က ဘုရားဆီ လက်အုပ်ချီ ပြီး အစွန်တစ်ခုမှာ ထိုင်ကြတယ်။ တချို့က အမည် မျိုးနွယ် အမည်ကို ကြေငြာကာ အစွန်တစ်ခုမှာ ထိုင်ကြတယ် ။ တချို့က တိတ်တိတ်ဆိတ်ဆိတ်ပဲ အစွန်တစ်နေရာမှာ ထိုင်ကြတယ် ။ အစွန်တစ်နေရာမှာ ထိုင်ကြပြီး ကေသမုတ္တိသားကာလာမတို့က ဘုရားကို ဒီလိုပြောကြတယ် ။
  ” အရှင်ဘုရား အချို့ရဟန်းဗြဟ္မဏတွေ ကေသမုတ္တိကို လာကြတာ ရှိပါတယ်။ သူတို့ဟာ ကိုယ့်ဝါဒကို
ရှင်းပြ လင်းပြပါတယ် ။ သူတစ်ပါး ၀ါဒကို ပုတ်ခတ် ပြစ်တင် ရှုတ်ချ မကောင်းပြောကြပါတယ်။ အရှင်ဘုရား သူတို့နဲ့ ပတ်သက်ပြီး တပည့်တော်တို့မှာ သံသယ ဖြစ်၊ ယုံမှား ဖြစ်ရပါတယ် ။ဒီရဟန်းသမဏတွေထဲက ဘယ်သူအမှန်ပြောလဲ၊ ဘယ်သူအမှားပြောလဲ လို့ ။ ”
  ”” နင်တို့ သံသ ဖြစ်မှာပဲ၊ ယုံမှား ဖြစ်မှာပဲ၊ ကာလာမတို့ ၊ သံသယဖြစ်ထိုက်ရာမှာ ယုံမှားဖြစ်ရတာပါပဲ ။
                ” ကာလာမတို့ . . . . .
  သူများပြောတာ မယူနဲ့ ။
  လက်ဆင့်ကမ်းလာလို့ မယူနဲ့ ။
  ကျမ်းစာထဲပါလို့ မယူနဲ့ ။
  ယုတ္တိဗေဒကြောင့် မယူနဲ့ ။
  နယဗေဒကြောင့် မယူနဲ့ ။
  အခြင်းအရာကြံဆ မယူနဲ့ ။
  အမြင်အတွေးကြိုက်ပြီး မယူနဲ့ ။
  ဖြစ်နိုင်ပုံကြည့် မယူနဲ့ ။
  ရဟန်းက ငါတို့လေးစားရသူဆိုပြီး မယူနဲ့ ။
  နင်တို့ ကာလာမတို့ ကိုယ်တိုင်က ”” ဒီတရားတွေ မကောင်းဘူး၊ ဒီတရားတွေ အပြစ်ဆိုစရာပဲ၊
ဒီတရားတွေ ပညာ၇ှိ ကဲ့ရဲ့စရာပဲ ၊ င်္ဒတရားတွေ ယူရင် ကျင့်ရင် အကျိုးမဲ့ဖို့ပဲ ၊ ဆင်းရဲဖို့ပဲဖြစ်လိမ့်မယ် ”” လို့ သိရင်၊ နင်တို့
ကာလာမတွေ စွန့်ပစ်ရမယ် ။
ဒါ ဘယ်လိုထင်လဲ ကာလာမတို့ ၊ လူ့အတွင်းမှာ လောဘ ဖြစ်ပေါ်လာရင်၊ အကျိုးရှိဖို့လား၊ အကျိုးမဲ့ဖို့လား ။
“ အကျိုးမဲ့ဖို့ပါ ဘုရား ”။
လောဘကြီးသူ အဲဒီ လူပုဂ္ဂိုလ်ဟာ စိတ်ကို လောဘ လွှမ်းမိုး၊ ကြီးစိုး၊ ကြီးစိုးသမို့ အသက်ကို သတ်တယ်၊ မပေးတာကို ယူတယ် ။ တစ်ပါးအိမ်ရာ သွားလာတယ်၊ မမှန်တာ ပြောတယ်၊ သူများကိုလည်း တိုက်တွန်းတယ်၊ ဆိုရင် ဒါ အရှည် အကျိုးမဲ့ဖို့ ဆင်းရဲဖို့ မဖြစ်ပေဘူးလား ကာလာမတို့ ။
“ အဲဒီ အတိုင်းပါပဲ အရှင်ဘုရား ” ။
ဒါ ဘယ်လိုထင်လဲ ကာလာမတို့ ၊ လူ့အတွင်းမှာ ဒေါသ ဖြစ်ပေါ်လာရင်၊ အကျိုးရှိဖို့လား၊ အကျိုးမဲ့ဖို့လား ။
“ အကျိုးမဲ့ဖို့ပါ ဘုရား ”။
ဒေါသကြီးသူ အဲဒီ လူပုဂ္ဂိုလ်ဟာ စိတ်ကို လောဘ လွှမ်းမိုး၊ ကြီးစိုး၊ ကြီးစိုးသမို့ အသက်ကို သတ်တယ်၊ မပေးတာကို ယူတယ် ။ တစ်ပါးအိမ်ရာ သွားလာတယ်၊ မမှန်တာ ပြောတယ်၊ သူများကိုလည်း တိုက်တွန်းတယ်၊ ဆိုရင် ဒါ အရှည် အကျိုးမဲ့ဖို့ ဆင်းရဲဖို့ မဖြစ်ပေဘူးလား ကာလာမတို့ ။
“ အဲဒီ အတိုင်းပါပဲ အရှင်ဘုရား ” ။
ဒါ ဘယ်လိုထင်လဲ ကာလာမတို့ ၊ လူ့အတွင်းမှာ မောဟ ဖြစ်ပေါ်လာရင်၊ အကျိုးရှိဖို့လား၊ အကျိုးမဲ့ဖို့လား ။
“ အကျိုးမဲ့ဖို့ပါ ဘုရား ”။
မောဟကြီးသူ အဲဒီ လူပုဂ္ဂိုလ်ဟာ စိတ်ကို လောဘ လွှမ်းမိုး၊ ကြီးစိုး၊ ကြီးစိုးသမို့ အသက်ကို သတ်တယ်၊ မပေးတာကို ယူတယ် ။ တစ်ပါးအိမ်ရာ သွားလာတယ်၊ မမှန်တာ ပြောတယ်၊ သူများကိုလည်း တိုက်တွန်းတယ်၊ ဆိုရင် ဒါ အရှည် အကျိုးမဲ့ဖို့ ဆင်းရဲဖို့ မဖြစ်ပေဘူးလား ကာလာမတို့ ။
“ အဲဒီ အတိုင်းပါပဲ အရှင်ဘုရား ” ။
ဒါ ဘယ်လိုထင်လဲ ကာလာမတို့ ၊ ဒီတရားတွေဟာ ကောင်းသလား၊ မကောင်းဘူးလား။
“မကောင်းပါ အရှင်ဘုရား ”
အပြစ်ဆိုစရာလား၊ မဆိုစရာလား ။
“ အပြစ်ဆိုစရာပါ ၊ ဘုရား ။ ”
ပညာရှိ ကဲ့ရဲ့စရာလား ချီးကျူးစရာလား၊
“ ပညာရှိ ကဲ့ရဲ့စရာပါ ဘုရား ။
ယူရင် ကျင့်ရင် အကျိုးမဲ့ဖို့ ဆင်းရဲဖို့ ဖြစ်သလား၊ မဖြစ်ဘူးလား၊ ဘယ်လို အထင်ရသတုန်း ။
“ ယူရင် ကျင့်ရင် အကျိုးမဲ့ဖြစ်၊ ဆင်းရဲဖြစ်ပါတယ် ၊ အရျင်ဘုရား ။ အဲသလို အထင်ရပါတယ် ဘုရား ။ ”
အဲသလို သိရင် စွန့်ပစ်ရမယ်လို့ ဒါကြောင့် ပြောတာ ။

 ဒါ ဘယ်လိုထင်လဲ ကာလာမတို့ ၊ လူ့အတွင်းမှာ လောဘမဲ့ ဖြစ်ပေါ်ရင် အကျိုးမဲ့ဖို့လား၊ အကျိုးရှိဖို့လား ။
“ အကျိုးရှိဖို့ပါ အရှင်ဘုရား ”
လောဘမရှိသူ လူပုဂ္ဂိုလ်ဟာ စိတ်ကို လောဘ မလွှမ်းမိုး၊ မကြီးစိုးသမို့ အသက်ကို မသတ်ဘူး၊ မပေးတာကို မယူဘူး ။ သူတစ်ပါးအိမ်ရာ မသွားလာဘူး၊ သူများကိုလည်း မတိုက်တွန်းဘူး ဆိုရင် ဒါ အရှည် အကျိုးရှိဖို့ ချမ်းသာဖို့ မဖြစ်ပေဘူးလား ကာလာမတို့ ။
“ အဲဒီ အတိုင်းပါ အရှင်ဘုရား ” ။

ဒါ ဘယ်လိုထင်လဲ ကာလာမတို့ ၊ လူ့အတွင်းမှာ ဒေါသမဲ့ ဖြစ်ပေါ်ရင် အကျိုးမဲ့ဖို့လား၊ အကျိုးရှိဖို့လား ။
“ အကျိုးရှိဖို့ပါ အရှင်ဘုရား ”
ဒေါသမရှိသူ လူပုဂ္ဂိုလ်ဟာ စိတ်ကို ဒေါသ မလွှမ်းမိုး၊ မကြီးစိုးသမို့ အသက်ကို မသတ်ဘူး၊ မပေးတာကို မယူဘူး ။ သူတစ်ပါးအိမ်ရာ မသွားလာဘူး၊ သူများကိုလည်း မတိုက်တွန်းဘူး ဆိုရင် ဒါ အရှည် အကျိုးရှိဖို့ ချမ်းသာဖို့ မဖြစ်ပေဘူးလား ကာလာမတို့ ။
“ အဲဒီ အတိုင်းပါ အရှင်ဘုရား ” ။

ဒါ ဘယ်လိုထင်လဲ ကာလာမတို့ ၊ လူ့အတွင်းမှာ မောဟမဲ့ ဖြစ်ပေါ်ရင် အကျိုးမဲ့ဖို့လား၊ အကျိုးရှိဖို့လား ။
“ အကျိုးရှိဖို့ပါ အရှင်ဘုရား ”
မောဟမရှိသူ လူပုဂ္ဂိုလ်ဟာ စိတ်ကို မောဟ မလွှမ်းမိုး၊ မကြီးစိုးသမို့ အသက်ကို မသတ်ဘူး၊ မပေးတာကို မယူဘူး ။ သူတစ်ပါးအိမ်ရာ မသွားလာဘူး၊ သူများကိုလည်း မတိုက်တွန်းဘူး ဆိုရင် ဒါ အရှည် အကျိုးရှိဖို့ ချမ်းသာဖို့ မဖြစ်ပေဘူးလား ကာလာမတို့ ။
“ အဲဒီ အတိုင်းပါ အရှင်ဘုရား ” ။
အကျိုးရှိတယ်၊ ချမ်းသာဖို့ ဖြစ်တယ်လို့ သိရင် ကျင့်သုံးရမယ်လို့ ဒါကြောင့်ပြောတာ ဖြစ်တယ်။

ကာလာမတို့၊ အရိယာ တပြည့်ဟာ အဲသလို မက်မောမှုကင်း၊ မုန်းတီးမှုကင်း၊ တွေဝေမှုကင်း၊ ကောင်းကောင်းနားလည် သတိရှိသမို့၊ မေတ္တာ ယှဉ် တဲ့ စိတ်နဲ့ ၊ အရပ်တစ်မျက်နှာကို စီးဖြန်းကာ နေတယ်။ အလားတူ နောက်တစ်မျက်နှာ
အလားတူ တတိယ၊ အလားတူ စတုတ္ထ ။ ဒီလို အတက်အောက် နံလျား အားလုံးတည် အားလုံးဖြစ် အားလုံးရှိ လောကကို
မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ၊ ဥပေက္ခာ ယှဉ်တဲ့ ၊ ကြည်လင်တဲ့ ကြီးမားတဲ့ အတိုင်းမသိတဲ့ ရန်မလိုတဲ့ မမုန်းတီးတဲ့စိတ်နဲ့
စီးဖြန်းကာ နေတယ် ။
  ကာလာမတို့၊ ဒီလို ရန်မလိုတဲ့ စိတ်၊ ဒီလို မမုန်းတီးတဲ့ စိတ်၊ ဒီလို မညစ်ညူးတဲ့ စိတ်၊ သန့်စင်တဲ့ စိတ်ရှိတဲ့
အရိယာတပည့်မှာ ဒီမျက်မှောက် ဘ၀မှာပဲ နှစ်သိမ့်ရာ လေးပါး ရရှိတယ် ။
၁ ။ တကယ်လို့ နောက်ဘ၀ရှိခဲ့ရင် ကောင်းမှု မကောင်းမှု အပြုတွေရဲ့ အကျိုးရလဒ် ရယ်လို့ ရှိခဲ့ရင်၊ ကိုယ်ခန္ဓာ  
ပျက်ပြား သေခြင်း နောက်မှာ လားရာကောင်း၊ နတ်ဘုံ လောကမှာ ဖြစ်ရလိမ့်မယ် ။ ဒါ သူ့မှာ ပထမ နှစ်သိမ့်ရာ ရရှိတာပါပဲ။
၂ ။ တကယ်လို့ နောက်ဘ၀ မရှိဘူး၊ ကောင်းမှု မကောင်းမှု အပြုတွေရဲ့ အကျိုးရလဒ် ရယ်လို့ မရှိဘူးဆိုရင်လည်း
     ငါက ဒီမျက်မှောက် ဘ၀မှာပဲ ရန်မရှိ မုန်းတီးမှုမရှိ စိုးရိမ်းကင်း ချမ်းချမ်းသာသာ ကိုယ်ကို သယ်ဆောင်ရတယ် ။
      ဒါ သူ့မှာ ဒုတိယ နှစ်သိမ့် ရာ ရရှိတာပါပဲ ။
၃ ။ တကယ်လို့ ( မကောင်း ) ပြုသူ မကောင်းခံရရင် ၊ ငါကတော့ ဘာမကောင်းတာမှ မမြင်ဘူး။ မကောင်းတဲ့ အမှုကို
      မပြုထားတော့ ဘယ်ကနေ ဆင်းရဲခံစားရမှာလဲ ။ ဒါ သူ့မှာ တတိယ နှစ်သိမ့်ရာ ရရှိတာပါပဲ ။
၎ ။ တကယ်လို့ ( မကောင်း ) ပြုသူ မကောင်းခံရရင် ၊ ငါကတော့ နှစ်ဘက် စလုံးမှာ စင်စင်ကြယ်ကြယ် စိတ်ကိုရှုတာတဲ့။
       ဒါ သူ့မှာ စတုတ္ထ နှစ်သိမ့်ရာရရှိတာပါပဲ ။
      ကာလာမတို့ ၊ ဒီလို ရန်မလိုတဲ့ စိတ်၊ ဒီလို မမုန်းတီး တဲ့ စိတ်၊ ဒီလို မညစ်ညူးတဲ့စိတ် သန့်စင်တဲ့ စိတ်နဲ့ အရိယာ တပည့်မှာ ဒီ မျက်မှောက်ဘ၀မှာ ပဲ နှစ်သိမ့်ရာလေးပါး ရရှိတယ် ။
       “ အဲဒီအတိုင်းပါ အရှင်ဘုရား ။ အဲဒီအတိုင်းပါ အလာကောင်းသူဘုရား ။
…………….. ကောင်းလှပါရဲ့ အရှင်ဘုရား ။ ကောင်းလှပါရဲ့၊ မှောက်ထားတာကို လှန်လိုက်သလို၊ ဖုံးထားတာကို ဖွင့်ပြလိုက်သလို ၊ မျက်စိလည်သူကို လမ်းညွန်ပြလိုက်သလို၊ မျက်စိရှိသူတို့ကို မြင်ကြရအောင် အမှောင်ထုထဲ ဆီမီးခွက်
ယူလာသလို ဒီလို ဒီလို အရှင်ဘုရားက နည်းမျိုးစုံနဲ့ တရားကို ညွှန်ပြခဲ့ပေရဲ့။ တပည့်တော်တို့ မြတ်စွာဘုရားဆီ၊ တရားဆီရော၊ ရဟန်းအဖွဲ့ဆီပါ ကိုးကွယ်ရာရသွားကြပါတယ် ။ အရှင်ဘုရား တပည့်တော်တို့ကို ဥပါသကာများအဖြစ် လက်ခံတော်မူပါ ။ ကနေ့က စပြီး သက်ဆုံးတိုင် ကိုးကွယ်ရာ ရောက်ခဲ့ပါပြီ “ တဲ့ ။ ။

                                                                                အင်္ဂုတ္တရ နိကာယ ၊ ၂၊ ၁၈၉။
             ဗုဒ္ဓ ဓမ္မ လက်ရွေးစင်
မောင်သာနိုး မြန်မာပြန် က ကူးပါတယ် ။
 

No comments:

Post a Comment