Sunday, April 19, 2015

ကစ္စာန ဂေါတ္တသုတ္တန် မြန်မာပြန်


ကစ္စာန ဂေါတ္တ သုတ်


သာဝတ္ထိမှာ နေတယ် ။
အဲဒီမှာ အရှင်ကစ္စာနဂေါတ္တ က
ဘုရားဆီ ချဉ်းကပ်တယ် ။
ချဉ်းကပ်ပြီး ဘုရားရှိခိုးကာ
ထောင့်တစ်ထောင့်မှာ ထိုင်တယ် ။
ထောင့်တစ်ထောင့်မှာ ထိုင်ပြီးတော့
အရှင်ကစ္စာဂေါတ္တ ဟာ
ဘုရားကိုဒီလိုပြောတယ် ။

“ အမြင်မှန်
အမြင်မှန် နဲ့ ပြောကြတယ် ဘုရာ့ ။
ဘယ်လိုလုပ်ပြီး
အမြင်မှန် ဖြစ်ပါသလဲ ။ ” တဲ့

“ လောကဟာ ကစ္စာန
ရှိခြင်းအယူနဲ့ မရှိခြင်းအယူ နှစ်ခုကို
ယေဘုယျအားဖြင့်မှီတယ် ။
လောက အစ ကို ဖြစ်နေတဲ့ အတိုင်း
ပညာမှန်နဲ့ မြင်တဲ့သူအဖို့တော့
လောကမှာ မရှိခြင်းအယူ မဖြစ်ဘူး ။
လောက အဆုံး ကို ကစ္စာန ၊ ဖြစ်နေတဲ့အတိုင်း
ပညာမှန်နဲ့ မြင်တဲ့သူအဖို့တော့
လောက မှာ ရှိခြင်းအယူ မဖြစ်ဘူး ။ ”

“ ဒီလောက ဟာ ကစ္စာန ၊ ယေဘုယျကတော့
ကပ်ရောက်မှု၊ စွဲလမ်းမှု ၊ နစ်မြုပ် စူးဝင်မှု နဲ့
နှောင်ဖွဲ့ထားတယ် ။
သူ ( အမြင်မှန်ရှိသူ ) ကတော့
ဒီစိတ်ရဲ့ တည်ရာ၊ နစ်မြုပ်စူးဝင်ရာ၊ကိန်းအောင်းရာ ဖြစ်တဲ့
အဲဒီ ကပ်ရောက်မှု၊ စွဲလမ်းမှု ၊ “ ငါ အတ္တ ” လို့ မကပ်ရောက်ဘူး ။
မစွဲလမ်းဘူး ၊ မဆောက်တည်ဘူး၊။
“ ဖြစ်ပေါ်တာ ဆင်းရဲ ဖြစ်ပေါ်တာပဲ ။ ”
“ ချုပ်တာ ဆင်းရဲ ချုပ်တာပဲ ” ဆိုတာ
မယုံမှားဘူး။ ဒွိဟ မဖြစ်ဘူး ။
ဒီမှာ
သူသိတာ သူများကြောင့် မဟုတ်ဘူး ။
ဒီလိုနဲ့ ကစ္စာန အမြင်မှန်ပေါ်တယ် ။ ”

“ အားလုံးရှိတယ် ၊ လို့ ဆိုတာ ကစ္စာန ၊
ဒါလည်း အစွန်းတစ်ခုပဲ ။
အားလုံးမရှိဘူး လို့ ဆိုတာ
ဒါလည်း ကစ္စာန ဒုတိယ အစွန်းပဲ ။
ဒီအစွန်း နှစ်ခု စလုံးကို
မချဉ်းကပ်ဘဲ အလယ်နည်း နဲ့
တထာဂတ က တရားကိုဟောတယ် ။
မသိမှု အကြောင်းကြောင့်
အပြုအမှုတွေ ဖြစ်ပေါ်တယ် ။
အပြုအမူတွေ ကြောင့် အသိဖြစ်ပေါ်တယ် ။
ဒီလိုနဲ့
ဒီဆင်းရဲ အစုကြီး ရဲ့ အစ ဖြစ်ပေါ်တယ်။

မသိမှု အကြွင်းမဲ့ တပ်မက်ကင်း ချုပ်တာ
အပြုအမူ ချုပ်တာပဲ ။
အပြုအမူ ချုပ်တာ အသိစိတ် ချုပ်တာပဲ
အသိစိတ် ချုပ်တာကနေ . . . .
ဒီလိုနဲ့ ဆင်းရဲအစုကြီး တစ်ခုလုံး ရဲ့
အဆုံးဖြစ်ပေါ်တယ် ။ ” တဲ့

သံယုတ္တနိကာယ ၊ နိဒါန ၀ဂ္ဂ၊ ၂ ၊ ၅ကစ္စာနဂေါတ္တ သုတ္တ ။
မှတ်ချက် ။ ။ ဒီမှာ ရှိခြင်းအယူ ၊ မရှိခြင်းအယူ ဆိုတာ သဿတ နဲ့ ဥစ္ဆေဒအယူ တို့ပါ ။

မောင်သာနိုး ဘာသာပြန်ပါတယ် ။

Wednesday, April 15, 2015

နှစ်ဟောင်းကို နူတ်ဆက်ရင်း ပါရမီဖြည့်မယ်


“နှစ်ဟောင်းကို နှုတ်ဆက်ရင်း ပါရမီဖြည့်မယ်”
••••••••••••••••••••••••••••••••••••••••••••••••
တိမ်တိုက်ပမာ၊သံသရာ၊တွေ့လာခဏ။
လေကြောင့်ကွဲကာ၊ပျက်ရရှာ၊လျင်စွာပျောက်သွားကြ။
-【တိပိဋကဓရ ယောဆရာတော်】
ဘဝဆိုတာ ကောင်းကင်က တိမ်တိုက်ကလေးတွေလိုပါပဲ။
ခဏတွေ့ပြီး၊ခဏအကြာမှာပဲ ပျောက်ကွယ်သွားကြတာပါ။

လူ့ဘဝသက်တမ်းကို ယေဘုယျပြောရရင်
(၇၅)နှစ်ပါပဲ။(၇၅)နှစ်အတွင်းမှာပဲ
ပျောက်ကွယ်သွားကြရတာပါ။
ကံကောင်းလည်း နှစ်ကာလတစ်ခုအလွန်ပါပဲ။

●ပျောက်ကွယ်သွားတဲ့သူတွေက ပျောက်ကွယ်ကုန်ပါပြီ။
●မပျောက်ကွယ်သေးတဲ့သူတွေကိုလည်း
ပျောက်ကွယ်ဖို့ အချိန်တစ်ခုက ကြိုနေပါပြီ။

ဟော…ခု မကြာခင်မှာ နှစ်ဟောင်းကိုနှုတ်ဆက်ပြီး၊
နှစ်သစ်ကို ကြိုဆိုရတော့မှာပါ။
ဘယ်လိုပုံစံနဲ့ နှစ်ဟောင်းကို နှုတ်ဆက်မလဲ။ ။

❦အကုသိုလ်တွေကို နုတ်ပြီး ကုသိုလ်တွေနဲ့ ဆက်ရမှာပါ။
❦အမုန်းတွေကို နုတ်ပြီးမေတ္တာတွေနဲ့ ဆက်ရမှာပါ။
❦မရိုးသားမှုတွေကို နုတ်ပြီး ရိုးသားမှုတွေနဲ့ဆက်ရမှာပါ။
❦မမှန်တရားတွေကို နုတ်ပြီး အမှန်တရားတွေနဲ့ဆက်ရမှာပါ။
Young Buddhist's Association

Thursday, April 9, 2015

သင်္ကြန်မှတ်စု - ၂

သင်္ကြန်ပုံပြင်


တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂-ယောက် စကားလက်ဆုံ ပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ၈-ရက် ရှိခဲ့ပြီး ယခုအခါ ၇-ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံကြပါသတဲ့။

ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူကြပါသတဲ့။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇-ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။
         ထိုဗြဟ္မာဦးခေါင်းပြတ်ကြီးသိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ္ဘ္ဘာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင် ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသတဲ့။ ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်သတဲ့။

ထိုနတ်သမီးတွေရဲ့ တစ်ဦးမှ တစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှ ရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့။ ဒါကတော့ သင်္ကြန်နဲ့ပတ်သက်လို့ ပြောတတ်တဲ့ ပုံပြင်ပါ။

မြန်မာပြည်မှာ တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့။

မြန်မာသင်္ကြန်ပွဲတော်များ အစ ပုဂံခေတ်က
ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို စ,နောက်မိခဲ့ဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘုရင်က အချိန်မီ သိရှိသဖြင့် အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို မီးကျီးခဲရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။ သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ။

ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
___________________
ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။

အဲဒါတွေက သင်္ကြန်အခါမှာ -

(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။

(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက် သွေးထုတ်ခြင်း။

(၇) ဆီလိမ်း ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။

[ သူ့ခေတ် သူ့အခါ သူ့ဓလေ့ထုံးစံ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။ ]

{ { သင်္ကြန်တွင်းသာ မဟုတ်ဘဲ ဘယ်အချိန်အခါမဆို မကောင်းသော အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ်။ }}

[{သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ }]

“မဟာသင်္ကြန်”နှင့် တွဲဖက်၍ “အတာ”၊ “အတာစား” ဟူသော ဝေါဟာရတို့ကို ပြောဆို သုံးစွဲကြတာကို တွေ့ရပါတယ်။

“အတာ”ဟူသည် လောကီအလို ‘ဒဏ်သင့်ခြင်း’ ဖြစ်သည်။ တနည်းအားဖြင့် ‘အန္တ-အဆုံး’ဟူသော ပါဠိပုဒ်မှ ‘အတာ’ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။

ယင်းအလိုအားဖြင့် “အတာ”ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်။

အတာရက်ကို ဤသို့ဆို

“အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ်။

အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ်။

အတာစားခြင်းအကျိုး အမျိုးမျိုး
_____________________
အတာစားခြင်း၏ အကျိုးကား ... အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် ... ဟု မှတ်သားရဖူးပါတယ်။

အတာအိုး အတာပန်း
_______________
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။

စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါတယ်။

ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြ
______________________

သင်္ကြန်ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေးမင်္ဂလာကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။

သင်္ကြန်ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန်ဟု ၃-မျိုး ရှိပါတယ်။ (သင်္ကြန်အမျိုးအစား ၁၂-မျိုးဟုလည်း သုတေသနသရုပ်ပြအဘိဓာန်မှာ တွေ့ရ၏။) ဗသျှူသင်္ကြန်ဖြစ်က သင်္ကြန်မဝင်မီ ဦးခေါင်းဆေးကြရသည်။ အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်းဆေးကြရသည်။ သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄-မိနစ်မှာ ဦးခေါင်းဆေးကြရသည်။ (တစ်နာရီလွန်မှ ဦးခေါင်းဆေးကြရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)

ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွကျန်နေသော အညစ်အကြေးများ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေးမင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်းယူကာ ကိုယ်စိတ်သန့်ရှင်းမှုကို အကျိုးပြုရာရောက်သည်ဟု ယူဆခဲ့ကြပါတယ်။

ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါအတိုင်း ဖော်ပြထားတာကို ဖတ်ရှု မှတ်သားရဖူးပါတယ်။

“ဦးခေါင်းဆေးရသောအကျိုးကား - သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်းသည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀)ရသဖြင့် တဘဝဝဏပြည့်၍ မိန်ရာသီ အဝသာန် နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့ ပြောင်းခဲ့သည်ရှိသော်။ ဣဓ၊ ဤလူ့ပြည်၌။ မာဏဝါ၊ သတ္တဝါဟုခေါ်ဝေါ်အပ်ကုန်သော။ မနုဇာ၊ လူအပေါင်းတို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။

တေသံ၊ ထိုဦးခေါင်းဆေးကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာ
အနာမျိုးတို့သည်။ ဝိနာသေယျုံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ၊ ချမ်းသာဖြင်း၏အဖို့ဖြစ်ကုန်သော။ သတသဟဿာနိ၊ တစ်သိန်းသော အကျိုးတို့သည်။ ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။”

အထက်ဖော်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုးကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေးမင်္ဂလာများ ပြုလုပ်ရခြင်း ဖြစ်တယ်လို့ နားလည်ရပါတယ်။

နိဂုံးချုပ်အားဖြင့်မူ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းလို့ နားလည်ခဲ့ရပါပြီ။ ဒီပြောင်းလဲခြင်းဟာ ဘယ်တော့များမှ အဆုံးသတ်ပါလိမ့်ဟုလည်း တွေးကြည့်မိပါတယ်။ ပုထုဇဉ်ဘဝနဲ့ သံသရာတခွင် ကျင်လည်ရအုန်းမယ်ဆိုရင် နိမ့်တုံတခါ မြင့်တုံတလှည့် ပြောင်းလှည့်နေအုန်းမှာဖြစ်တော့ တော်ရုံနဲ့ အဆုံးမသတ်နိုင်ဘူးလို့ တွေးမိပါတယ်။

လောကကြီးထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေ လှည့်လည်နေကြသူတွေဟာ တနေရာကနေ တနေရာဆီ ပြောင်းရွှေ့ပြီဆိုရင် ကိုယ်နဲ့ဆိုင်သည့် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ်။ အဲဒီလိုအခါမျိုးမှာလည်း ကောင်းနိုးရာရာ တန်ဖိုးရှိသည့် မိမိနဲ့ အသုံးတည့်သော အရာများကို သိမ်းဆည်းလေ့ရှိကြပါတယ်။ တန်ဖိုးမဲ့တဲ့အရာတွေကို စွန့်ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းများကိုသာ မိမိနဲ့တပါတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်။

ဒီလိုပါပဲ ... မိမိတို့ဟာ မမြဲသော သင်္ခါရလောကနယ်မှာ လူဖြစ်လာကြသူတွေမို့ တနေရာတည်းမှာ ထာဝရဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ နိမ့်ရာကနေ မြင့်ရာဆီ၊ ဆိုးရာကနေ ကောင်းရာဆီ၊ ကျရှူံးမှုမှသည် အောင်မြင်မှုဆီ၊ ဒေသတစ်ခုကနေ ဒေသတစ်ခုဆီ စသည် စသည်ဖြင့် ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်။ နောက်ဆုံးတော့ ဒီဘဝ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘဝဆီ ပြောင်းရွှေ့ရအုန်းမယ်။

သတ္တဝါတွေမှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဖိုးနည်းပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား တန်ဖိုးကြီးမြင့်ပြီး မြင့်မြတ်သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘဝတွေကို ရောက်စေနိုင်သည့် ကုသိုလ်ကံတည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား။

ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန်အခါ သင်္ကြန်အကြောင်း လေ့လာဆည်းပူးရင်း နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှုတွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်တွေကို နှစ်ခဲ့ ပစ်ခဲ့ကြပါစို့လား၊ နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘဝကို သစ်လွင်တောက်ပြောင်လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းလိုက်ရပါတယ်။

မေတ္တာသီသေန စိတ္တေန။

အရှင်နန္ဒဝံသ

ဇေယျသုခဓမ္မရိပ်သာ

Amarillo, Texas

3-April-2012

+++++

(စာရေးသူရဲ့မှတ်စုများ၊ သင်္ကြန်စာ၊ အင်တာနက်ဘလော့ဂ်ပို့စ်များမှ ကောက်နုတ် ကိုးကားပါတယ်။ အင်တာနက်ဘလော့ဂ်ပို့စ် မူရင်းပိုင်ရှင်များကို မှတ်ယူမထားမိတာ ခွင့်လွှတ်စေလိုပါတယ်။)

သင်္ကြန် မှတ်စု - ၁

သင်္ကြန်အကြောင်း တစေ့တစောင်း - 

အရွင္နႏၵဝံသ (ေဇယ်သုခဓမၼရိပ္သာ)

သင်္ကြန် ... သြော် သင်္ကြန် ... နှစ်အကူး ရွှင်မြူးလေတဲ့ သင်္ကြန် .. တဲ့။ သီချင်းတွေလဲ ကြားဖူးရဲ့ ... သင်္ကြန်မှာ ပျော်ရွှင်နေကြသူတွေကိုလဲ တွေ့ဖူးခဲ့ပေမယ့် ‘သင်္ကြန်’ရဲ့ အဓိပ္ပာယ်ကို စေ့စေ့ငုငု ထဲထဲဝင်ဝင် ကျကျနန နားမလည်ခဲ့တာ အမှန်ပါ။ ငယ်ရွယ်သူတွေက သိလိုရေးနဲ့ မေးလာတဲ့အခါ သူတို့ သဘောကျအောင် ဖြေစရာ သိပ်မရှိခဲ့ဘူး။ ဒါနဲ့ စာပေတွေထဲ သင်္ကြန်အကြောင်း တစေ့တစောင်းဆိုသလို ဖွေရှာ လေ့လာကြည့်မိပါတယ်။
သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတဲ့ ပွဲတော်တစ်ခု ဖြစ်သည်။ “ကူးပြောင်းခြင်း”, “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပာယ်ရသော ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”တို့ကို တိုက်ရိုက် မြန်မာမှုပြု၍ ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဒီ ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”ကနေ ဆင်းသက်လာတဲ့ ဝေါဟာရဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ဘာသာစကား ယဉ်ကျေးမှု ဝန်းကျင်အခြေအနေတွေပေါ် မူတည်ပြီး ကွဲပြား ခြားနားမှု ရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ “သင်္ကြန်”၊ ထိုင်းတို့ရဲ့ “ဆွန်ကရန်” (Song Kran)၊ ကမ္ဘောဒီးယားတို့ရဲ့ “ချိုချနန်သမေး” (Chol Chnam Thmey)၊ လာအိုတို့ရဲ့ “ဘီးမိုင်” (Bpee Mai)နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ “ရေသဘင်ပွဲ”ဆိုတဲ့ “နှစ်သစ်ကူးပွဲတော်”တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာတဲ့ ပွဲတော်များ ဖြစ်ပါတယ်။

Tuesday, April 7, 2015

ဗျာသန တရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း

အရှင်နန္ဒမာလာဘိဝံသ၏ ဗျာသနတရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း။
============
သူတော်စင်တွေ ဆုတောင်းတိုင်း ၀ိပတ္တိတရား လေးပါး။ ဗျာသနတရား ငါးပါး။ ဆိုတာကြပါ
တယ်။ အဲဒီ ဗျာသနတရား ငါးပါးမှာ==ဥာတိဗျသန=ဆွေမျိုးတွေထဲက ပျက်စီးမှု။ ဘောဂဗျသန=
စည်းစိမ်ဥစ္စာတွေ ပျက်စီးမှု။ ရောဂဗျသန=ရောဂါဝေဒနာ ဖြစ်ခြင်းဖြင့် ပျက်စီးမှု။
သီလဗျသန=အကျင့်သီလ ပျက်စီးမှု။ ဒိဌိဗျသန=အယူဝါဒအမြင်ရဲ့ ပျက်စီးမှုတို့  ဖြစ်ကြတယ်။
အဲဒီပျက်စီးခြင်း ငါးမျိုးထဲက လူတွေအလေးထားနေကြတာ၊ ပျက်စီးမှာ ကြောက်ကြတာ၊ ဥာ
တိဗျသန-ဆွေမျိုးတွေ ပျက်စီးမှာ ကြောက်ကြတယ်။ ဘောဂဗျသန-စည်းစိမ်ဥစ္စာတွေ ပျက်စီးမှာ
ကြောက်ကြတယ်။ ရောဂဗျသန-ရောဂါတွေဖြစ်မှာကြောက်ကြတယ်။ သီလဗျသန-ကိုယ်ကျင့်တရား
ပျက်မှာကို မကြောက်ဘူး။ ဒိဌိဗျသန-အယူဝါဒ အမြင်စောင်းသွားမှာ ပျက်စီးမှာ မကြောက်ကြဘူး။
တကယ် ကြောက်စရာကောင်းတာက သီလဗျသန နဲ့  ဒိဌိဗျသန က ကြောက်စရာ ကောင်း
တယ်။ ကျန်တဲ့ ဗျသန သုံးပါးက ကြောက်စရာ မကောင်းဘူး။ လူတွေ စိုးရိမ်သောက ရောက်နေကြ
တာက=ဆွေမျိုးသားချင်းတွေ ပျက်စီးမှာ စိုးရိမ်တယ်။ ပစ္စည်းဥစ္စာတွေ ပျက်စီးလို့ ငိုတယ်။ ပျက်စီး
မှာ စိုးရိမ်ကြတယ်။ ရောဂါ ဖြစ်လို့  ငိုတယ်။ ရောဂါမဖြစ် စေချင်ဘူး။
သီလပျက်လို့  ငိုတဲ့ပုဂ္ဂိုလ်ဟာ မကြားဘူး လောက်အောင်ကို ရှားတယ်။ အယူဝါဒ ပျက်စီးလို့ 
ငိုတဲ့ပုဂ္ဂိုလ်လဲ မကြားဘူး လောက်အောင်ကို ရှားပါးပါတယ်။ သို့ သော် မြတ်စွာဘုရား ဟောထား
တာက ဥာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန၊ ဒါတွေ ပျက်စီးလို့ ကတော့ ငရဲမကျဘူး။ သံသ
ရာဝဋ်ဆင်းရဲမှာ ဒုက္ခမဖြစ်ဘူး။။ သီလဗျသန၊ ဒိဌိဗျသန၊ အဲဒါ နှစ်ပါး ပျက်စီးရင်တော့ သံသရာမှာ
ဒုက္ခ ရောက်ပြီတဲ့။။
အဲဒါတွေကို မပူကြလို့  တန်ဘိုးရှိတဲ့ သီလကို ငွေကြေးနဲ့  လဲလိုက်ကြတာဘဲ။ "အဒိန္နဒါနာ ဝေ
ရမဏိ သိက္ခာပဒံ သမာဒိယာမိ။" သူများပစ္စည်း မယူပါဘူးလို့  ဆောက်တည် ထားပေမဲ့၊ တော်
တော်များများက အခွင့်သာလို့ ရှိရင် သီလ အပျက်ခံပြီးတော့ ယူလိုက်ကြတာပါဘဲ။ ။
အခွင့်အရေး မပေးတဲ့အခါ၊ စားစရာ မရှိတဲ့ အခါမှာ "၀ိကာလ ဘောဇနာ ဝေရာမဏိ သိက္ခာ
ပဒံ သမာဒိယာမိ"၊ တဲ့။ စားစရာနဲ့  ကြုံတဲ့အခါကျတော့ အေး...နောက်မှပဲ သီလဆောက်တည်
တော့မယ် ဆိုပြီး လုပ်ထည့်လိုက်ကြတာ။ အဲဒါမျိုးဟာ အနှစ်ကို အနှစ်မှန်း မသိလို့  ဒီလိုဖြစ်တာ။
လူ့ ဘ၀မှာ လူရယ်လို့  ဖြစ်လာတဲ့အခါ တကယ့် အရေးကြီးတဲ့ အနှစ်ကို ယူတတ်ဖို့ လိုတယ်။ ။
မြတ်စွာဘုရားက==လောကမှာ ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ချမ်းသာ၊ ပစ္စည်းဥစ္စာ၊ မခံစား
ဘူး ဆိုတာ မရှိဘူးလို့  "အနမတဂ္ဂသုတ်မှာ" ဟောထားတယ်။ အင်မတန် ကောင်းတဲ့အာရုံတွေ
အင်မတန် နှစ်သက်တဲ့ အရာတွေ၊ ကြုံတွေ့ လို့ ရှိရင် ဘယ်လိုစဉ်းစားရမလဲဆိုရင် ဒီလောက်
ရှည်ကြာတဲ့ သံသရာခရီးမှာ၊ ငါလည်းဒါမျိုးတွေ ကြုံဘူးတယ်လို့  ဒီလိုပဲ အောက်မေ့ပါ။ အဲဒီလို
အောက်မေ့တာနဲ့ တန်းတန်းစွဲ မဖြစ်တော့ဘူးပေါ့။ စိတ်ကိုထိန်းတဲ့ နည်းတစ်နည်းပါ။ ။
ကိုးပါးသီလ ထဲမှာ အထွဋ်တင် ဆောက်တည်ထားတဲ့ "မေတ္တာသဟ ဂတေန စေတသာ
သဗ္ဗပါဏ ဘူတေသု"-သတ္တ၀ါတွေအပေါ်မှာ မေတ္တာထားတယ်။ မုန်းစရာပုဂ္ဂိုလ်တွေ့ ရင် ဟိုအရင်
ဘ၀တုံးက ငါ့အမေ(သို့ မဟုတ်)ငါ့အဖေ၊ ငါ့အကို၊ ညီ၊ အစ်မ၊ ညီမ၊ ဆွေမျိုးတွေပဲလို့  နှလုံးသွင်း
လိုက်မယ်ဆိုရင်၊ အမုန်းတရားတွေ ပျောက်ကွယ်သွားမှာပါ။
ကုသိုလ်ကို နှစ်ပိုင်းခွဲမယ် ဆိုရင် သံသရာထဲမှာ ချမ်းချမ်းသာသာ နေနိုင်စေတာလဲ ကုသိုလ်
ပဲ။ သံသရာထဲမှ လွတ်မြောက်ဖို့ ရာလဲ ကုသိုလ်ပဲ၊။ သံသရာလည်စေတဲ့ ကုသိုလ်က တဏှာရဲ့
အလွမ်းအမိုးကို ခံနေရတဲ့ ကုသိုလ်။ တဏှာ မကင်းသေးတဲ့ ကုသိုလ်။ တကယ်တော့ ကုသိုလ်က
သံသရာထဲကို လည်စေတာ မဟုတ်ဘူး။ အတွယ်အတာက လည်စေတာ။ တဏှာက လည်စေတာ။
အဲဒီလို တဏှာဆိုတဲ့ အတွယ်အတာ ဘာကြောင့်ပေါ်ရတာလဲ ဆိုရင် အမှန်မသိတဲ့ အ၀ိဇ္ဖာကနေ
ပုံဖေါ်ပေးနေလို့  ပေါ်တာဖြစ်တယ်။
မလှတာကို လှတယ်လို့  ပုံဖေါ်ပေးတယ်။ မကောင်းတာကို ကောင်းတယ်လို့  ပုံဖေါ်ပေးတယ်။
အ၀ိဇ္ဇာက အလှ၊ အကောင်း၊ မြင်လာအောင် သွေးဆောင်တဲ့အတိုင်း၊ တဏှာကနေ လိုက်ပြီး
တွယ်တာတယ်၊ အဲဒီ အ၀ိဇ္ဖာ-တဏှာ နှစ်ခုကြောင့် သံသရာ ရှိနေတာ။ သူတို့ ဟာ သံသရာရဲ့ 
အမြစ်နှစ်ခုပဲ။ အဲဒီအမြစ် နှစ်ခုကို မဖယ်နိုင်ရင်တော့ သံသရာထဲမှာ သူကအကျိုး ပေးနေအုံးမှာ။
ဒီအမြစ်နှစ်ခုကို ဖယ်ရှားလိုက်တာနဲ့  သံသရာရဲ့ ဘောင်ကို ဖြတ်ကျော်ပြီးတော့ နိဗ္ဗာန်ထိအောင်
ရောက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ။ ။
{ ၁၃၆၉-ခုနှစ် အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားတော်မူသော "အကာကိုပစ်၍
အနှစ် ကိုရှာ" တရားတော်မှ ကောက်နုတ် ရေးသားပူဇော် ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Saturday, April 4, 2015

အနတ္တလက္ခဏသုတ္တ မြန်မာပြန်

           အနတ္တလက္ခဏသုတ္တ

          ( အတ္တ မဟုတ်တဲ့ အမှတ်အသား )


ဒီလို ငါ ကြားဖူးတယ် ။ တခါတော့ မြတ်စွာဘုရားဟာ ဗာရာဏသီမှာ နေတော်မူတယ် ရသေ့ဆင်းတဲ့ ဘေးမဲ့တောမှာပ ။
အဲဒီတုံးက မြတ်စွာဘုရားက ငါးဦးအစု ရဟန်းတို့ကို ခေါ်တော်မူတယ် ။ “ ရဟန်း တို့ ” တဲ့ ။
“ အရှင်ဘုရား ” လို့ အဲဒီရဟန်းတွေက မြတ်စွာဘုရားကို ပြန်ကြားကြတယ် ။ မြတ်စွာဘုရားက ဒီလိုမိန့်တယ် ။
ရုပ်ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
ရုပ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ရုပ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊
“ ဒီလို ငါ့ မှာ ရုပ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ် မဖြစ်နဲ့ ” လို့ ရုပ်မှာ ပြောလို့ ရမှာပေါ့  ။ ”
“ ရုပ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ရုပ်မှာ နာတာ ဖြစ်တယ် ။
ဒီလို ငါ့  မှာ ရုပ်ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ်မဖြစ်နဲ့ လို့ ” ရုပ်မှာ ပြောလို့ မရတာ ဖြစ်တယ် ။
ခံစားမူ ဝေဒနာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
. မှတ်သားမူ သညာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
သင်္ခါရတွေ(ပြုပြင်မူတွေ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
ဝိညာဉ် ( အသိစိတ် ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
ဝိညာဉ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ၀ိညာဉ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊

“ ဒီလို ငါ့ မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ ” လို့ ၀ိညာဉ်မှာ ပြောလို့ ရမှာပေါ့  ။ ”
“၀ိညာဉ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ၀ိညာဉ် မှာ နာတာ ဖြစ်တယ် ။
ဒီလို ငါ့  မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ လို့ ” ၀ိညာဉ် မှာ ပြောလို့ မရတာ ဖြစ်တယ် ။
ဒါ ဘယ်လိုထင်ကြလဲ ရဟန်းတို့ ။ ရုပ်ဟာ မြဲသလား မမြဲဘူးလား ။
မမြဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။
ဆင်းရဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။
မသင့်တော်ပါ အရှင်ဘုရား ။
 “ ခံစားမှု (ဝေဒနာ ) မြဲသလား မမြဲဘူးလား . . . .
သညာ မြဲသလား မမြဲဘူးလား . . . . . .
သင်္ခါရတွေ မြဲသလား မမြဲဘူးလား . . . . .
ဝိညာဉ် မြဲသလား မမြဲဘူးလား . . . . .
မမြဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။
ဆင်းရဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။
မသင့်တော်ပါ အရှင်ဘုရား ။
ဒါ့ ကြောင့် ရုပ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်း ဖြစ်ဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။
ဝေဒနာ မှန်သမျှ . . . . . . .
သညာ မှန်သမျှ . . . . . . .
သခါၤရ မွန္သမွ် . . . . . . .
ဝိညာဉ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်းဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။
ဒီလိုမြင်တဲ့ အခါ ရဟန်းတို့ ၊ သင်ကြားထားတဲ့ အရိယာ တပည့်ဟာ ရုပ်မှာလည်း ငြီးငွေ့တယ် ၊ ဝေဒနာမှာလည်းငြီးငွေ့တယ် သညာမှာလည်း ငြီးငွေ့တယ် ။ သင်္ခါရ မှာလည်း ငြီးငွေ့တယ် ။ ၀ိညာဉ် မှာလည်း ငြီးငွေ့တယ်၊ ငြီးငွေ့တော့ တပ်မှု ကင်းတယ် ၊
တပ်မှု ကင်းတော့ လွတ်မြောက်တယ်၊ လွတ်မြောက်တော့ “ ဒါ လွတ်မြောက်တာပဲ ” လို့ အသိဖြစ်ပေါ်တယ် ။
ကုန်ခမ်းပြီ၊ မွေးဖွားခြင်း၊ ကျင့်ပြီးပြီ၊ မြတ်တဲ့ အကျင့်၊ ပြုပြီးပြီ ပြုသင့်တာ ။ ဒီအဖြစ်အပြင် အခြား အဖြစ် မရှိတော့ပြီ လို့ သိသွားတယ် “ တဲ့ ။
ဒီလို မိန့်တော်မူရဲ့ မြတ်စွာဘုရား ၊ ကြည်နူးကာ ငါးဦး အစု ရဟန်းတို့က မြတ်စွာဘုရား ဟောတာကို နှစ်ခြိုက်ကြတယ်။
ဒီဟောပြောချက် ဟောစဉ် ငါးဦးအစုရဟန်းတို့မှာ စွဲလမ်းမှုမရှိ အာသ၀တွေကနေ စိတ်တွေ လွတ်မြောက်ကုန်ကြတယ် ။

      သံယုတ္တနိကာယ ။ ခန္ဓ၀ဂ္ဂသံယုတ္တ ၆ ၊ ၇ ။
       ၀ိနယ ပိဋက ။ မဟာဝဂ္ဂ ၆ ။
                  မောင်သာနိုး မြန်မာပြန်ပါတယ် ။



အနတ္တလက္ခဏ သုတ် ပါဠိ+ မြန်မာ

     
  

     အနတ္တ-လက္ခဏ သုတ္တ  

( အတ္တ မဟုတ်တဲ့ အမှတ်အသား )


ဧ၀ံ မေ သုတံ ။ ဧကံ သမယံ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ ။
ဒီလို ငါ ကြားဖူးတယ် ။ တခါတော့ မြတ်စွာဘုရားဟာ ဗာရာဏသီမှာ နေတော်မူတယ် ရသေ့ဆင်းတဲ့ ဘေးမဲ့တောမှာပ ။

တာတ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂီယေ ဘိက္ခူ အာမန္တေသိ - “ ဘိက္ခဝေါ ” တိ ။
အဲဒီတုံးက မြတ်စွာဘုရားက ငါးဦးအစု ရဟန်းတို့ကို ခေါ်တော်မူတယ် ။ “ ရဟန်း တို့ ” တဲ့ ။

“ ဘဒန္တေ ” တိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ ။ ဘဂ၀ါ ဧတ ဒဝေါစ -
 “ အရှင်ဘုရား ” လို့ အဲဒီရဟန်းတွေက မြတ်စွာဘုရားကို ပြန်ကြားကြတယ် ။ မြတ်စွာဘုရားက ဒီလိုမိန့်တယ် ။

“ ရူပံ ဘိက္ခဝေ အနတ္တာ ။
ရုပ်ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။

ရူပဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ န ယိဒံ ရူပံ အာဗာဓာယ သံ၀ေတၱယ် ၊
ရုပ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ရုပ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊

လဗ္ဘေထ စရူပေ “ ဧ၀ံ မေ ရူပံ ဟောတု ၊ ဧ၀ံ မေ ရူပံမာ အဟောသီ ” တိ ။
“ ဒီလို ငါ့ မှာ ရုပ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ် မဖြစ်နဲ့ ” လို့ ရုပ်မှာ ပြောလို့ ရမှာပေါ့  ။ ”

“ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ ၊
“ ရုပ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ရုပ်မှာ နာတာ ဖြစ်တယ် ။

န စ လဗ္ဘတိ ရူပေ “ ဧ၀ံ မေ ရူပံ ဟောတု ၊ ဧ၀ံ မေ ရူပံ မာ အဟောသီ ” တိ ။
ဒီလို ငါ့  မှာ ရုပ်ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ်မဖြစ်နဲ့ လို့ ” ရုပ်မှာ ပြောလို့ မရတာ ဖြစ်တယ် ။

“ ဝေဒနာ ဘိက္ခဝေ အနတ္တာ . . . . . . . . .
ခံစားမူ ဝေဒနာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
“ သညာ ဘိက္ခဝေ အနတ္တာ . . . . . . . . . မှတ်သားမူ သညာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
“ သင်္ခါရာ ဘိက္ခဝေ အနတ္တာ . . . . . . . . . သင်္ခါရတွေ(ပြုပြင်မူတွေ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
“ ၀ိညာဏံ ဘိက္ခဝေ အနတ္တာ . . . . . . . . ။
ဝိညာဉ် ( အသိစိတ် ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။

၀ိညာဏဥၥ ဟိ ဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ ၊ န ယိ ဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ် ။
ဝိညာဉ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ၀ိညာဉ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊

လဗ္ဘေထ စ ၀ိညာဏေ “ ဧ၀ံ မေ ၀ိညာဏံ ဟောတု ။ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ ”တိ ။
“ ဒီလို ငါ့ မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ ” လို့ ၀ိညာဉ်မှာ ပြောလို့ ရမှာပေါ့  ။ ”

“ ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ ။ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ ၊
“၀ိညာဉ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ၀ိညာဉ် မှာ နာတာ ဖြစ်တယ် ။

န စ လဗ္ဘတိ ၀ိညာဏေ “ ဧ၀ံ မေ ၀ိညာဏံ ဟောတု ၊ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ ” တိ ။
ဒီလို ငါ့  မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ လို့ ” ၀ိညာဉ် မှာ ပြောလို့ မရတာ ဖြစ်တယ် ။

“ တံ ကိံ မညထ ဘိက္ခဝေ ရူပံ နစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ ။
ဒါ ဘယ်လိုထင်ကြလဲ ရဟန်းတို့ ။ ရုပ်ဟာ မြဲသလား မမြဲဘူးလား ။

“ အနိစ္စံ ဘန္တေ ။ ”
မမြဲပါ အရှင်ဘုရား ။

“ ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါ ” တိ ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။

“ ဒုက္ခံ ဘန္တေ ။ ”
ဆင်းရဲပါ အရှင်ဘုရား ။

“ ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမ - ဓမ္မံ၊ ကလ္လံ နု သမနုပဿိတုံ - “ ဧတံ မမ ၊ ဧသော ဟ မသ္မိ ၊ ဧသော မေ အတ္တာ ” တိ ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။

“ နော ဟေ တံ ဘန္တေ ” ။
မသင့်တော်ပါ အရှင်ဘုရား ။

“ ဝေဒနာ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
 “ ခံစားမှု (ဝေဒနာ ) မြဲသလား မမြဲဘူးလား . . . .
“ သညာ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
သညာ မြဲသလား မမြဲဘူးလား . . . . . .
“ သင်္ခါရာ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
သင်္ခါရတွေ မြဲသလား မမြဲဘူးလား . . . . .
“ ၀ိညာဏံ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
ဝိညာဉ် မြဲသလား မမြဲဘူးလား . . . . .
“ အနိစ္စံ ဘန္တေ ။ ”
မမြဲပါ အရှင်ဘုရား ။

“ ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါ ” တိ ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။

“ ဒုက္ခံ ဘန္တေ ။ ”
ဆင်းရဲပါ အရှင်ဘုရား ။



 “ ယံပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမ - ဓမ္မံ ကလ္လံ နု တံ သမနုပဿိတုံ - “ ဧတံ မမ ၊ ဧသော ဟ မသ္မိ ၊ ဧသော မေ အတ္တာ ” တိ ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။

“ နော ဟေ တံ ဘန္တေ ” ။
မသင့်တော်ပါ အရှင်ဘုရား ။

“ တသ္မာ တိ ဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာ နာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကံ ၀ါ သုခုမံ ၀ါ
ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ၀ါ ၊ သဗ္ဗံ ရူပံ “ နေ တံ မမ၊ နေ သော ဟ မသ္မိ၊ န မေသော အတ္တာ ” တိ ။
ဧ၀ မေတံ ယထာ ဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ။
ဒါ့ ကြောင့် ရုပ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်း ဖြစ်ဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။

“ ယာ ကာစိ ဝေဒနာ . . . . . .
ဝေဒနာ မှန်သမျှ . . . . . . .
 “ ယာ ကာစိ သညာ . . . . . .
သညာ မှန်သမျှ . . . . . . .
“ ယေ ကေစိ သင်္ခါရာ . . . . . .
သခါၤရ မွန္သမွ် . . . . . . .
“ ယံ ကဥၥိ ၀ိညာဏံ အတီတာ နာဂတ ပစၥဳပၸႏၷံ အဇၥ်တၱံ ၀ါ ဗဟိဒၶါ ၀ါ ၾသဠာရိကံ ၀ါ သုခုမံ ၀ါ
ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ၀ါ ၊ သဗ္ဗံ ၀ိညာဏံ “ နေ တံ မမ၊ နေ သော ဟ မသ္မိ၊ န မေသော အတ္တာ ” တိ ။
ဧ၀ မေတံ ယထာ ဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ။
ဝိညာဉ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်းဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။

“ ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ အရိယ- သာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ ၊ ဝေဒနာ ယ ပိ နိဗ္ဗိန္ဒိတိ ၊ သညာယ ပိ နိဗ္ဗိန္ဒတိ၊
သင်္ခါရေသု ပိ နိဗ္ဗိန္ဒတိ၊ ၀ိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒိ ၊ နိဗ္ဗန္ဒံ ၀ိရဇ္ဇတိ ၊ ၀ိရာဂါ ၀ိမုစ္စတိ၊ ၀ိမုတ္တသ္မိံ “ ၀ိမုတ္တ ” မီတိ ဉာဏံဟောတိ ။
ဒီလိုမြင်တဲ့ အခါ ရဟန်းတို့ ၊ သင်ကြားထားတဲ့ အရိယာ တပည့်ဟာ ရုပ်မှာလည်း ငြီးငွေ့တယ် ၊ ဝေဒနာမှာလည်းငြီးငွေ့တယ် သညာမှာလည်း ငြီးငွေ့တယ် ။ သင်္ခါရ မှာလည်း ငြီးငွေ့တယ် ။ ၀ိညာဉ် မှာလည်း ငြီးငွေ့တယ်၊ ငြီးငွေ့တော့ တပ်မှု ကင်းတယ် ၊
တပ်မှု ကင်းတော့ လွတ်မြောက်တယ်၊ လွတ်မြောက်တော့ “ ဒါ လွတ်မြောက်တာပဲ ” လို့ အသိဖြစ်ပေါ်တယ် ။

“ ခီဏာ ဇာတိ ၊ ၀ုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ ၊ နာ ပရံ ဣတ္ထတ္တာယာ “ တိ ပဇာနာတီ” တိ ။
ကုန်ခမ်းပြီ၊ မွေးဖွားခြင်း၊ ကျင့်ပြီးပြီ၊ မြတ်တဲ့ အကျင့်၊ ပြုပြီးပြီ ပြုသင့်တာ ။ ဒီအဖြစ်အပြင် အခြား အဖြစ် မရှိတော့ပြီ လို့ သိသွားတယ် “ တဲ့ ။

ဣဒ မဝေါစ ဘဂ၀ါ ၊ အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော ဘာသိတံ အဘိနန္ဒုံ ၊။
ဒီလို မိန့်တော်မူရဲ့ မြတ်စွာဘုရား ၊ ကြည်နူးကာ ငါးဦး အစု ရဟန်းတို့က မြတ်စွာဘုရား ဟောတာကို နှစ်ခြိုက်ကြတယ်။

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စ၀ဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ၀ိမုစ္စိံသူ တိ ။
ဒီဟောပြောချက် ဟောစဉ် ငါးဦးအစုရဟန်းတို့မှာ စွဲလမ်းမှုမရှိ အာသ၀တွေကနေ စိတ်တွေ လွတ်မြောက်ကုန်ကြတယ် ။

သံယုတ္တနိကာယ ။ ခန္ဓ၀ဂ္ဂသံယုတ္တ ၆ ၊ ၇ ။
ဝိနယ ပိဋက ။ မဟာဝဂ္ဂ ၆ ။
မောင်သာနိုး မြန်မာပြန်ပါတယ် ။