ကစ္စာန ဂေါတ္တ သုတ်
သာဝတ္ထိမှာ နေတယ် ။
အဲဒီမှာ အရှင်ကစ္စာနဂေါတ္တ က
ဘုရားဆီ ချဉ်းကပ်တယ် ။
ချဉ်းကပ်ပြီး ဘုရားရှိခိုးကာ
ထောင့်တစ်ထောင့်မှာ ထိုင်တယ် ။
ထောင့်တစ်ထောင့်မှာ ထိုင်ပြီးတော့
အရှင်ကစ္စာဂေါတ္တ ဟာ
ဘုရားကိုဒီလိုပြောတယ် ။
“ အမြင်မှန်
အမြင်မှန် နဲ့ ပြောကြတယ် ဘုရာ့ ။
ဘယ်လိုလုပ်ပြီး
အမြင်မှန် ဖြစ်ပါသလဲ ။ ” တဲ့
“ လောကဟာ ကစ္စာန
ရှိခြင်းအယူနဲ့ မရှိခြင်းအယူ နှစ်ခုကို
ယေဘုယျအားဖြင့်မှီတယ် ။
လောက အစ ကို ဖြစ်နေတဲ့ အတိုင်း
ပညာမှန်နဲ့ မြင်တဲ့သူအဖို့တော့
လောကမှာ မရှိခြင်းအယူ မဖြစ်ဘူး ။
လောက အဆုံး ကို ကစ္စာန ၊ ဖြစ်နေတဲ့အတိုင်း
ပညာမှန်နဲ့ မြင်တဲ့သူအဖို့တော့
လောက မှာ ရှိခြင်းအယူ မဖြစ်ဘူး ။ ”
“ ဒီလောက ဟာ ကစ္စာန ၊ ယေဘုယျကတော့
ကပ်ရောက်မှု၊ စွဲလမ်းမှု ၊ နစ်မြုပ် စူးဝင်မှု နဲ့
နှောင်ဖွဲ့ထားတယ် ။
သူ ( အမြင်မှန်ရှိသူ ) ကတော့
ဒီစိတ်ရဲ့ တည်ရာ၊ နစ်မြုပ်စူးဝင်ရာ၊ကိန်းအောင်းရာ ဖြစ်တဲ့
အဲဒီ ကပ်ရောက်မှု၊ စွဲလမ်းမှု ၊ “ ငါ အတ္တ ” လို့ မကပ်ရောက်ဘူး ။
မစွဲလမ်းဘူး ၊ မဆောက်တည်ဘူး၊။
“ ဖြစ်ပေါ်တာ ဆင်းရဲ ဖြစ်ပေါ်တာပဲ ။ ”
“ ချုပ်တာ ဆင်းရဲ ချုပ်တာပဲ ” ဆိုတာ
မယုံမှားဘူး။ ဒွိဟ မဖြစ်ဘူး ။
ဒီမှာ
သူသိတာ သူများကြောင့် မဟုတ်ဘူး ။
ဒီလိုနဲ့ ကစ္စာန အမြင်မှန်ပေါ်တယ် ။ ”
“ အားလုံးရှိတယ် ၊ လို့ ဆိုတာ ကစ္စာန ၊
ဒါလည်း အစွန်းတစ်ခုပဲ ။
အားလုံးမရှိဘူး လို့ ဆိုတာ
ဒါလည်း ကစ္စာန ဒုတိယ အစွန်းပဲ ။
ဒီအစွန်း နှစ်ခု စလုံးကို
မချဉ်းကပ်ဘဲ အလယ်နည်း နဲ့
တထာဂတ က တရားကိုဟောတယ် ။
မသိမှု အကြောင်းကြောင့်
အပြုအမှုတွေ ဖြစ်ပေါ်တယ် ။
အပြုအမူတွေ ကြောင့် အသိဖြစ်ပေါ်တယ် ။
ဒီလိုနဲ့
ဒီဆင်းရဲ အစုကြီး ရဲ့ အစ ဖြစ်ပေါ်တယ်။
မသိမှု အကြွင်းမဲ့ တပ်မက်ကင်း ချုပ်တာ
အပြုအမူ ချုပ်တာပဲ ။
အပြုအမူ ချုပ်တာ အသိစိတ် ချုပ်တာပဲ
အသိစိတ် ချုပ်တာကနေ . . . .
ဒီလိုနဲ့ ဆင်းရဲအစုကြီး တစ်ခုလုံး ရဲ့
အဆုံးဖြစ်ပေါ်တယ် ။ ” တဲ့
သံယုတ္တနိကာယ ၊ နိဒါန ၀ဂ္ဂ၊ ၂ ၊ ၅ကစ္စာနဂေါတ္တ သုတ္တ ။
မှတ်ချက် ။ ။ ဒီမှာ ရှိခြင်းအယူ ၊ မရှိခြင်းအယူ ဆိုတာ သဿတ နဲ့ ဥစ္ဆေဒအယူ တို့ပါ ။
မောင်သာနိုး ဘာသာပြန်ပါတယ် ။
No comments:
Post a Comment